Pages

ဖေဖော်ဝါရီ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့ တို့မမေ့  

Saturday, February 13, 2010


လွတ်လပ်ရေးရရှိရန်အတွက် မြန်မာပြည်မနှင့် တောင်တန်းသားများ၏
စည်းလုံးမှုကိုပြဆိုခဲ့သည့် ပင်လုံစာချုပ်ချုပ်ဆိုနိုင်ခဲ့သော ၁၉၄၇
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။
မြန်မာနိုင်ငံအနေဖြင့် ၁၈၈၅ ခုနှစ်တွင် ဗြိတိသျအင်္ဂလိပ်လက်အောက်သို့
ကျရောက်ခဲ့သည့်ကာလနောက်ပိုင်းမှစတင်ပြီး
မြန်မာ့လွတ်လပ်ရေးပြန်လည်ရရှိရန်အတွက် ခေတ်အဆက်ဆက်မျိုးချစ်ပုဂ္ဂိုလ်များက
ကြိုးပမ်းခဲ့ကြပါသည်။ ဗြိတိသျအစိုးရအနေဖြင့်လည်း မြန်မာနိုင်ငံကို
သိမ်းပိုက်ခဲ့ပြီးသည့်အချိန်မှစ၍ လွတ်လပ်ရေးမပေးရရန်အတွက်
နည်းမျိုးစုံဖြင့်ဟန့်တားခဲ့ကြပါသည်။ ထိုသို့ဟန့်တားမှုများတွင်
ပြည်မနှင့်တောင်တန်းဒေသများ(တစ်နည်းအားဖြင့် တိုင်းရင်းသားအချင်းချင်း)ကို
သွေးခွဲအုပ်ချုပ်သည့်နည်းဖြင့်လည်း အုပ်ချုပ်ခဲ့ကြပါသည်။ ဥပမာအားဖြင့်
ဗြိတိသျအစိုးရသည် မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့ပြီးသည့်နောက်
တောင်တန်းဒေသများကို သီးခြားစီမံကိန်းဒေသများအဖြစ်
ဘုရင်ခံကတိုက်ရိုက်အုပ်ချုပ်ပြီး ဒေသတစ်ခုနှင့်တစ်ခုကူးသန်းမှုကို ၁၈၉၈
ကချင်တောင်တန်း လူမျိုးစုဥပဒေ၊ ၁၈၉၆ ချင်းတောင်တန်းဥပဒေ အစရှိသည်တို့ဖြင့်
ကန့်သတ်ပိတ်ပင်ထားခဲ့သည်။ ထိုသို့သော သွေးခွဲအုပ်ချုပ်ထားမှုများက
လွတ်လပ်ရေးကြိုးပမ်းမှုအရှိန်မြင့်ချိန်တွင် ပို၍ရှုပ်ထွေးစေခဲ့ပါသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၇ ဇန်န၀ါရီလ လန်ဒန်ခရီးစဉ်တွင်
ပြည်မနှင့်တောင်တန်းပူးပေါင်းရေးကိစ္စမှာ အရေးပါးလာသောကိစ္စဖြစ်ခဲ့သည်။
အခြားတစ်ဖက်တွင်လည်း ပြည်မနှင့်တောင်တန်း မပူးပေါင်းနိုင်ရန်အတွက်
ဗြိတိသျအစိုးရမှ နည်းမျိုးစုံသုံးကြိုးပမ်းခဲ့ကြသည်။
ထိုသို့သောအခက်အခဲများရှိနေသည့်ကြားကပင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော
မြန်မာကိုယ်စားလှယ်အဖွဲ့သည် လွတ်လပ်ရေးအတွက်
ခိုင်မာသောပြင်ဆင်မှုတစ်ရပ်ဖြစ်သည့် အောင်ဆန်း-အက်တလီစာချုပ်ကို
ချုပ်ဆိုနိုင်ခဲ့သည်။ ထို့နောက် ပြည်မနှင့်တောင်တန်းဒေသပေါင်းစည်းရေးအတွက်
သဘောတူညီမှုရရှိခဲ့သော ပင်လုံစာချုပ်ကိုလည်း ၁၉၄၇ ဖေဖော်ဝါရီလ ၁၂
ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ပိုင်းနှင့်မြောက်ပိုင်းဒေသ၏ ဗဟိုချက်ဖြစ်သော
ပင်လုံမြို့တွင်ချုပ်ဆိုနိုင်ခဲ့သည်။ ပင်လုံစာချုပ်ချုပ်ဆိုနိုင်ခဲ့ခြင်းက
လွတ်လပ်ရေးအပြည့်အ၀ရရှိရန်အတွက် လက်နက်တစ်ခုဖြစ်ခဲ့သည်။
ပြည်ထောင်စုနေ့အထိမ်းအမှတ်အနေဖြင့် ၁၉၄၇ ခုနှစ်ကာလများအတွင်း
အောင်ဆန်း-အက်တလီစာချုပ် ချုပ်ဆိုရန်နှင့် ပင်လုံစာချုပ်ဖြစ်ပေါ်စေရန်
ကြိုးပမ်းခဲ့သောနေ့ရက်များကို ပြန်လည်ဖော်ပြအပ်ပါသည်။


ပြည်ထောင်စုနေ့
ပင်လုံရိပ်မြုံ၊ တိုင်းသားစုံညီ၊
ကြွအုံနိုးကြား၊ ရှမ်းကယားတို့၊
သွေးသားနောင်ရင်း၊ ကချင်ချင်းပါ၊
မယွင်းအမှန်၊ အဓိဋ္ဌာန်ဖြင့်၊
မြန်မာကရင်၊ လက်တွဲယှဉ်လျက်၊
ကျောရင်မခွဲ၊ ညီညွတ်တွဲပြီး၊
စိတ်စွဲမှတ်ယူ၊ မော်ကွန်းထူခဲ့၊
ပြည်သူပြည်သား၊ တို့မြေဘွားများ၊
မိသားစုစိတ်၊ တဖိတ်ဖိတ်နှင့်၊
မျိုသိပ်မနိုင်၊ လွတ်ပန်းတိုင်ကို၊
အပိုင်ရရေး၊ စုဆွေးနွေးသည်၊
သွေးစည်းခဲ့သော နေ့တကား။
မောင်လှမြင့်(ရန်ကုန်ဆေးတိုက်)
၁၉၆၅ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ရက်နေ့ထုတ်၊ ရန်ကုန်သတင်းစာမှ....

၁၉၄၇၊ ဇန်န၀ါရီလ ၉ - ဗိုလ်ချုပ် အောင်ဆန်းနှင့်ကိုယ်စားလှယ်အဖွဲ့ဝင်
အချို့ အင်္ဂလန်နိုင်ငံသို့ရောက်ရှိ။

၁၉၄၇၊ ဇန်န၀ါရီလ ၁၀ မှ ၁၆ - ဖဆပလ အဖွဲ့ချုပ်မှကြီးမှူး၍ ရန်ကုန်မြို့နှင့် မြန်မာတစ်နိုင်ငံလုံးတွင် လွတ်လပ်ရေး ဆန္ဒနှင့်အင်အားပြပွဲရက်သတ္တပတ်ဆင်နွှဲ။

၁၉၄၇၊ ဇန်န၀ါရီလ ၁၃- မြန်မာကိုယ်စား လှယ်အဖွဲ့နှင့်ဗြိတိသျအစိုးရတို့ လန်ဒန် မြို့ အမှတ်-၁၀ ဒေါင်းနင်းလမ်းရှိ ဗြိတိသျနန်းရင်းဝန်ရုံး၌အစည်းအဝေး
ပြုလုပ်။ မြန်မာနိုင်ငံဘက်မှ ဗိုလ်ချုပ် အောင်ဆန်း၊ သခင်မြ၊ ဦးဘဖေ၊
ဦးတင်ထွဋ်၊ သခင်ဗစိန်၊ ဦးစောတို့ ပါဝင်ပြီး ဗြိတိသျဘက်မှနန်းရင်းဝန်ကြီး
အက်တလီ၊ ဘဏ္ဍာရေးဝန်ကြီး ဆာ စတက်ဖို့ကရစ်တို့တက်ရောက်။

၁၉၄၇၊ ဇန်န၀ါရီလ ၁၅ - မြန်မာကိုယ် စားလှယ်အဖွဲ့နှင့် ဗြိတိသျကိုယ်စား လှယ်အဖွဲ့တို့ အစည်းအဝေးပြုလုပ်၊ မြန်မာကိုယ်စားလှယ်အဖွဲ့၏အထွေထွေ
ကြေညာချက်ကိုတင်သွင်း။

၁၉၄၇၊ ဇန်န၀ါရီလ ၂၁ - ပဒေသရာဇ် ရှမ်းပြည်နယ် စပ်ဖများကောင်စီက မြန်မာနိုင်ငံဘုရင်ခံဆာဟူးဘတ်ရန့်စ်မှ တစ်ဆင့်ဗြိတိသျအစိုးရထံ'ရှမ်းပြည်နယ်
များကိစ္စ အမှာစာ ၁ နှင့် ၂ ကို ပေးပို့။ (လန်ဒန်ဆွေးနွေးပွဲကာလအတွင်း
ရှမ်းပြည်နယ်ရှိ ပဒေသရာဇ်စော်ဘွား အချို့မှဗိုလ်ချုပ်အောင်ဆန်းသည် ရှမ်း
စော်ဘွားများ၏ကိုယ်စားလှယ်မဟုတ်၊ တောင်တန်းနယ်များ၏ကိစ္စကိုဆွေး နွေးရန်
ရှမ်းစော်ဘွားများကို သီးသန့် ဖိတ်ကြားရန်ကြေးနန်းစာတစ်စောင် ပေးပို့ခဲ့။
ထိုကြေးနန်းစာကြောင့် ဗြိတိသျအစိုးရနှင့်ဗိုလ်ချုပ်အောင်ဆန်း
တို့ဆွေးနွေးပွဲမှာ မပြေမလည်ဖြစ်ခဲ့၊ ရှမ်းပြည်နယ်မှ ဦးတင်အေး၊ ဦးထွန်း
မြင့်၊ ဦးဖေခင် စသည့်တိုင်းရင်းသား ခေါင်းဆောင်လူငယ်များကတောင်ကြီး
မြို့တွင် ရှမ်းပြည်နယ်လူထုအစည်း အဝေးကြီးကိုခေါ်ယူကျင်းပပြီး ဗိုလ်ချုပ်
အောင်ဆန်းနှင့်ကိုယ်စားလှယ်အဖွဲ့သည် ရှမ်းပြည်လူထု၏ကိုယ်စားလှယ်အစစ်
အမှန်ဖြစ်ကြောင်းဆုံးဖြတ်ချက်ချကာ လန်ဒန်သို့ ကြေးနန်းရိုက်ပို့ခဲ့။ ထို
ကြေးနန်းစာရောက်ရှိပြီးမှလန်ဒန်ဆွေး နွေးပွဲဆက်လက်ပြုလုပ်)

၁၉၄၇၊ ဇန်န၀ါရီလ ၂၁ - ဘကြီးဘဘေ (ဖဆပလအဖွဲ့ချုပ်၊ ဘုရင်ခံအမှုဆောင် ကောင်စီဝင်) အင်္ဂလန်သို့ ထွက်ခွာ။

၁၉၄၇၊ ဇန်န၀ါရီလ ၂၇ - အောင်ဆန်း-အက်တလီစာချုပ်ကိုလက်မှတ်ရေးထိုး။သဘောတူညီချက်၏ နောက်ဆက်တွဲ ကို ဦးစောနှင့်သခင်ဗစိန်တို့ကသဘော မတူညီကြောင်း လက်မှတ်ရေးထိုး။
အောင်ဆန်း-အက်တလီစာချုပ်တွင် အချက် ၁၅ ချက်ပါဝင်ခဲ့ပြီး ထိုစာချုပ်
သည်မြန်မာနိုင်ငံကိုလုံးဝလွတ်လပ်ရေး ပေးသည့်စာချုပ်မဟုတ်သေးသော်လည်း
မြန်မာ့လွတ်လပ်ရေးအတွက် ခိုင်မာ စွာကြိုတင်ပြင်ဆင်ခဲ့သော ဗြိတိသျ-
မြန်မာသဘောတူညီချက်ဖြစ်။

၁၉၄၇၊ ဇန်န၀ါရီလ ၃၁ - ဗိုလ်ချုပ် အောင်ဆန်းဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့ လန်ဒန်မှ မြန်မာ နိုင်ငံသို့ပြန်လည်ထွက်ခွာ။

၁၉၄၇၊ ဖေဖော်ဝါရီလ ၂ -ဗိုလ်ချုပ် အောင်ဆန်းဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့ပြန်လည်ရောက်ရှိ။

၁၉၄၇၊ ဖေဖော်ဝါရီ ၃ မှ ၁၃ - ဒုတိယပင်လုံ အစည်းအဝေးကျင်းပ၊ ပထမပင်လုံ အစည်းအဝေးကို ၁၉၄၆ ခုနှစ် မတ်လ ၁ မှ ၁၂ အထိကျင်းပခဲ့။ ပထမအကြိမ် ပင်လုံအစည်းအဝေးသို့ သခင်နု၊
ဦးဘဂျမ်းနှင့်မန်းဘခိုင်တို့ကဖဆပလ ကိုယ်စားလှယ်အဖြစ်တက်ရောက်။

၁၉၄၇၊ ဖေဖော်ဝါရီလ ၂ - ညပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းမှ အောင်ဆန်း အက်တလီ သဘောတူညီချက်ကို ဖဆပလအမှုဆောင်အစည်းအဝေး၌ တင်ပြ။
အမှုဆောင်အဖွဲ့ဝင်တို့ ဆွေး နွေးပြီး သဘောတူညီချက်ကိုလက်ခံ ကြောင်းဆုံးဖြတ်။

၁၉၄၇၊ ဖေဖော်ဝါရီ ၃ - ဗိုလ်ချုပ် အောင်ဆန်းမှ ဖဆပလအဖွဲ့ချုပ်သို့ သတင်းစာဆရာများကို ဖိတ်ကြားပြီး လန်ဒန်၌ပြုလုပ်ခဲ့သော လွတ်လပ်
ရေးဆွေးနွေးပွဲအကြောင်းရှင်းလင်း။

၁၉၄၇၊ ဖေဖော်ဝါရီ ၄ - အောင်ဆန်း အက်တလီစာချုပ်နှင့်ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်းမှ တိုင်းပြည်သို့ အသံလွှင့်အစီရင်ခံ။

၁၉၄၇၊ ဖေဖော်ဝါရီ ၅ - ကရင်ဗဟိုအဖွဲ့ ချုပ်မှကြီးမှူး၍ ကရင်ညီလာခံသဘင် ကျင်းပပြီး အောင်ဆန်း-အက်တလီ စာချုပ်သည် ကရင်အမျိုးသားတို့၏ အခွင့်အရေးကို
ထိပါးနစ်နာစေသဖြင့် ကန့်ကွက်ကြောင်းဆုံးဖြတ်၊ ကန့် ကွက်ချက်ကို
မြန်မာနိုင်ငံဘုရင်ခံမှ တစ်ဆင့်ဗြိတိသျနန်းရင်းဝန်ထံပေးပို့။
ညီလာခံတွင်လည်းစောဘဦးကြီးအား ဘုရင်ခံ၏အမှုဆောင်ကောင်စီမှ နုတ်
ထွက်ရန်ဆုံးဖြတ်။

၁၉၄၇၊ ဖေဖော်ဝါရီ ၅ - တောင်တန်းဒေသ သဘောထားစုံစမ်းရေးနှင့်ပတ်သက်ပြီး ဘုရင်ခံနေအိမ်တွင်သတင်းစာရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်။

၁၉၄၇၊ ဖေဖော်ဝါရီ ၇ - ပင်လုံညီလာခံ ကျင်းပနေစဉ်အတွင်း တောင်တန်း သားများစည်းလုံးညီညွတ်ရေးအဖွဲ့ (Supreme Council of United Hill
People/SCOUHP) ကို ဖွဲ့စည်း။

၁၉၄၇၊ ဖေဖော်ဝါရီ ၇ - ရှမ်းစော်ဘွားများ နှင့် ရှမ်းပြည်သူ့ကိုယ်စားလှယ်များ ပူးပေါင်း၍ရှမ်းပြည်ကောင်စီအမှုဆောင် အဖွဲ့(Shan State Council)ဖွဲ့စည်း။

၁၉၄၇၊ ဖေဖော်ဝါရီ ၈ - ပင်လုံညီလာခံသို့ တက်ရောက်ရန် ဗိုလ်ချုပ်အောင်ဆန်း ပင်လုံသို့ ရောက်ရှိ။

၁၉၄၇၊ ဖေဖော်ဝါရီ ၉ - ဗြိတိသျဒိုမီနီယံ ရေးရာလက်ထောက်အတွင်းဝန် ဘော် တွမ်မလီ၊ မစ္စတာ လက်ဝဒ်ခ်ျ၊ ဂျွန် လေဒင်တို့ ပင်လုံသို့ရောက်ရှိ။

၁၉၄၇၊ ဖေဖော်ဝါရီ ၉ မှ ၁၁ - ဗိုလ်ချုပ် အောင်ဆန်းနှင့်တောင်တန်းဒေသခေါင်း ဆောင်များ အပြင်းအထန်ဆွေးနွေး။

၁၉၄၇၊ ဖေဖော်ဝါရီ ၁၀ - ဘုရင်ခံ အမှု ဆောင်ကောင်စီဝင်အဖွဲ့မှ သခင်ဗစိန် နှုတ်ထွက်။

၁၉၄၇၊ ဖေဖော်ဝါရီလ ၁၂ - ပင်လုံသဘော တူစာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင် ၂၂ ဦး လက်မှတ်ရေးထိုးခဲ့။ ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သော
ခေါင်းဆောင် (၂၃)ဦးမှာ-

ဗိုလ်ချုပ်အောင်ဆန်း (မြန်မာပြည်ခေါင်းဆောင်)
စ၀်ခွန်ပန်းစိန် (တောင်ပိုင်းစော်ဘွား)
စ၀်ရွှေသိုက် (ညောင်ရွှေစော်ဘွား)
စ၀်ဟုန်ဖ (မြောက်ပိုင်းသိန္နီစော်ဘွား)
စ၀်နွံ (လဲချားစော်ဘွား)
စ၀်စံထွန်း (မိုင်းပွန်စော်ဘွား)
ခွန်ဖုန်း (မြောက်ပိုင်းသိန္နီ လူထုကိုယ်စားလှယ်)
စ၀်ထွန်းအေး (သာမိုင်းခမ်းစော်ဘွား)
ဦးတင်အေး (တောင်ကြီးလူထုကိုယ်စားလှယ်)
ဦးကြာပု (သီပေါလူထုကိုယ်စားလှယ်)
စ၀်ယိင်ဖ (သီပေါလူထုကိုယ်စားလှယ်)
ဆမားဒူဝါဆင်ဝါနောင် (မြစ်ကြီးနားကချင်ကိုယ်စား လှယ်)
ဒူဝါဇော်ရစ် (မြစ်ကြီးနားကချင်ကိုယ်စားလှယ်)
ဦးခွန်ထီး (ပင်လုံလူထုကိုယ်စားလှယ်)
ဦးထွန်းမြင့် (မောက်မယ်လူထုကိုယ်စားလှယ်)
ဦးခွန်စော (ပင်းတယလူထုကိုယ်စားလှယ်)
ဦးဖြူ (ဆီဆိုင်စော်ဘွားကိုယ်စားလှယ်)
ဦးဒိန်ရတန် (ဗန်းမော်ကချင်ကိုယ်စားလှယ်)
ဒူဝါးဇော်လွန်း (ဗန်းမော်ကချင်ကိုယ်စားလှယ်)
ဦးလဘန်းဂရောင် (ဗန်းမော်ကချင်ကိုယ်စားလှယ်)
ဦးလူမုန်း (ဖလမ်းချင်းကိုယ်စားလှယ်)
ဦးသောင်ဇာခုတ် (တီးတိန်ချင်းကိုယ်စားလှယ်)
ဦးကီယိုမာန် (ဟားခါးချင်းကိုယ်စားလှယ်)

၁၉၄၇၊ ဖေဖော်ဝါရီလ ၁၃ - ဘုရင်ခံအမှု ဆောင်ကောင်စီဝန်အဖြစ်မှ ဦးစော နှုတ်ထွက်။



AddThis Social Bookmark Button
Email this post


Design by Amanda @ Blogger Buster